လွင့်မျောပန်း
Description
ဆယ်ကျော်သက်များအတွက်
စာမျက်နှာ ၇၇ မျက်နှာ
လွင့်မျောပန်းကလေးများနှင့် အဖြေမထုတ်သေးတဲ့ကမ္ဘာ
ပန်းကလေး သည် လွင့်မျောနေပါသည်တဲ့။ ဘယ်ဆီဘယ်ဝယ်မသိ၊ ဘယ်တွင်ဆုံးမည် မသိ။ ကမ္ဘာကြီးထဲ၌ လွင့်မျောနေသော ပန်းကလေးတွေ။ လွင့်မျောပန်းစာအုပ်သည် ကျွန်တော်တို့၏ စိတ်ခံစားမှုများကို လွင့်မျောသွားစေ၏။ မေးခွန်းများသည်လည်း ကျွန်တော်တို့ထံ လွင့်မျောလာပြီး ဖြေဆိုကြည့်ဖို့ အားထုတ်ရပြန် သည်။ လွင့်မျောပန်း စာအုပ်ထဲမှ ဇာတ်ကောင်များဖြစ်ကြသည့် ထက်အိမ်၊ ထိုက်ကြီး၊ အက်စ်သာ၊ ချိုဝေ၊ နန်းနန်း၊ တီချယ်ကြီးမုံသဇင်၊ စောအီလိုင်းဂျာ နှင့် ခွေးကလေးဟာကြူလီတို့သည် လူ့ကမ္ဘာကြီးအတွင်းမှ ဆိုးယုတ်လွန်းသော အမှုကို ဖော်ထုတ် တင်ပြကြနေကြသည်။ ဤကမ္ဘာလောကကြီး၌ အမှုအခင်းပေါင်းများ စွာသည် စဉ်ဆက်မပြတ်ဖြစ်ပွားနေကြပြီး ကလေးများ၏အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေကြပြန်၏။
လွင့်မျောပန်း စာအုပ်သည် ဆယ်ကျော်သက်ကလေးများ ဖတ်ရန် ရည်ရွယ်ထုတ်ဝေထားသော စာအုပ် ဖြစ်ပါသည်။ ဇာတ်ကောင်များသည်လည်း ဆယ်ကျော်သက်အရွယ်ကလေးများဖြစ်ကြပြီး ဇာတ်လမ်းသည် အလွန်စိတ်ဝင်စားဖွယ်ကောင်း၏။ ဖတ်ပြီးလျှင်လည်း ခံစားမှုမျိုးစုံကို ခံစားရ၏။ ထက်အိမ် သည် ရေသန့်ပို့သော ကောင်ကလေးဖြစ်ပြီး ထိုက်ကြီးနှင့်အက်စ်သာ ဟူသော သူငယ်ချင်းနှစ်ယောက်ရှိသည်။ ထိုက်ကြီး သည် ခွေးဝါသနာပါသူဖြစ်ပြီး ဟာကြူလီ ဟု အမည်ပေးထားသည့် ခွေးကလေးကို မွေးထားသည်။ တစ်ရက်တွင် ကျောင်း၌ တီချယ်ကြီး မုံသဇင် က နန်းနန်း ဆိုသော ကလေးမလေး ပျောက်ဆုံးနေကြောင်း တပည့်များကို အသိပေးပြောကြားသည်။ ဆောင်ရန်၊ရှောင်ရန်များကိုလည်း တီချယ်ကြီးက ပြောပြသည်။ ရေသန့်ဘူးပို့ပြီး အိမ်အပြန်လမ်းရှိ ဘူတာရုံရှိသည့်ကုန်းပေါ်တွင် ထက်အိမ် အနားယူနေစည် ချိုဝေ ဆိုသော ကောင်မလေးနှင့် တွေ့ဆုံသည်။ အက်စ်သာ၊ ထိုက်ကြီးနှင့် ထက်အိမ် တို့သည် ကွန်ဖူးကျောင်းတော် ဟူ၍ အဖွဲ့ ဖွဲ့ထားပြီး အက်စ်သာတို့ခြံထဲက သစ်ပင်ပေါ်ရှိ သစ်လုံးအိမ်ကလေးတွင် ကစားကြလေ့ရှိ၏။ ချိုဝေ သည်လည်း သူတို့၏အဖွဲ့ဝင်ဖြစ်လာခဲ့ပြန်၏။ ထို့နောက်တွင်တော့ ကွန်ဖူး ကျောင်းတော်သားများ၏ စွန့်စားခြင်းခရီး စတင်တော့သည်။ ပျောက်ဆုံးနေသော နန်းနန်း ကို စုံစမ်းဖော်ထုတ် ရှာဖွေကြသည်။ ထိုအပိုင်းများသည် ဇာတ်လမ်း၏ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးအပိုင်းများဖြစ်ပြီး ဖတ်ရသူ သည် သိချင်စိတ်တို့ဖြင့် ပြည့်နှက်လာသည်။ ကွန်ဖူးကျောင်းတော်သားများ ဘယ်လိုအလုပ်လုပ်ကြမလဲ၊ အထိအခိုက်တွေ ဖြစ်သွားမလား စိုးရိမ်စိတ်လည်း ဝင်လာ၏။ ကျွန်တော်တို့သည် ကလေးငယ်များကို မြင်လျှင် ချစ်ခင်တတ်ကြပြီး ကလေးများတစ်ခုခုဖြစ်သွားမှာကိုလည်း စိုးရိမ်တတ်ကြပါသည်။ ခက်သည်မှာ စိုးရိမ်စိတ်များသည် လက်တွေ့အကောင်အထည်ဖြစ်ပေါ်လာဖို့ ခက်ခဲနေခြင်းပင်။ ထို့ကြောင့် လူ့အဖွဲ့အစည်း သည် သူတို့မွေး၍ ပြုစုပျိုးထောင်ပေးနေရသော ကလေးတိုင်းကို လုံခြုံမှုမပေးနိုင်တော့။ အခက်အခဲပေါင်းစုံနှင့် အသက်ရှင်မှုကို ရုန်းကန်နေရ၍ တစ်မျိုး၊ မိမိ၏ လောဘနှင့်ကြွယ်ဝမှုနောက်ကိုသာ လိုက်နေ၍ တစ်ဖုံ စသည့် အကြောင်းများကြောင့် ကလေးအခွင့်အရေးကိစ္စများ၊ ကလေးများအတွက် လုပ်ဆောင်ပေးရမည့် တာဝန်များကို လစ်ဟင်းလာကြသည်။ နိုင်ငံတော်အစိုးရများသည်လည်း ကလေးများအတွက် ဆောင်ရွက်ပေးလိုစိတ် ထက်ထက်သန်သန်မရှိကြ။ ထိုအချိန်တွင် ကလေးများကိုမှ ပစ်မှတ်ထားတိုက်ခိုက်ကြသည့် ကလေး ရောင်းစားသူများ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် အကြမ်းဖက်မှုပြုလုပ်သူများ၊ ကလေးများကို အခြားသောနည်းများဖြင့် အကျပ်ကိုင်ခိုင်းစေအနိုင်ကျင့်သူများ သည် ထွက်ပေါ်လာကြပြီး အမှုအခင်းများကို ကျူးလွန်ကြတော့သည်။
လွင့်မျောပန်း စာအုပ်သည် သာမန်ဇာတ်လမ်းမျှသာ မဟုတ်။ ဆယ်ကျော်သက်အရွယ်ကလေးများအတွက် ကလေးအခွင့်အရေး အပိုဒ်တစ်ခုကို မိတ်ဆက်သင်ကြားခြင်းပြုထားသည့် စာအုပ် ဖြစ်သည်။ ကလေးအခွင့်အရေးအတွက် စာပေအနုပညာအားဖြင့် အားထုတ်မှုပြုထားသော စာအုပ်လည်း ဖြစ်သည်။ လွင့်မျောပန်း သည် ကလေးအခွင့်အရေးဆိုင်ရာ စာချုပ်ပါ အပိုဒ်(၃၄) ကို အဓိက ပြောပြထားသည်။ အသိပညာပေးထားသည်။ အပိုဒ်(၃၄) ဆိုသည်မှာ ကလေးများကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာစော်ကားခြင်း မှ ကာကွယ်ပေးနိုင်ရန် ရေးသားထားသော အပိုဒ်ဖြစ်၏။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာစော်ကြားခြင်း တို့သည် အဓိပ္ပာယ်တူသယောင်ရှိသော်လည်း မတူကြ။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုဆိုသည်မှာ ကလေး၏ ဆန္ဒမပါဘဲ လိင်ကိစ္စအတွက် အသုံးပြုခြင်း၊ အရွယ်ငယ်လွန်းသော ကလေးများအား ဖြားယောင်း၍ လိင်ပိုင်းဆက်သွယ်မှုပြုခြင်း၊ ကလေးအား စောင့်ရှောက်ထားသူတို့က လိင်ပိုင်း စော်ကားခြင်း စသည်တို့ ပါဝင်သည်။ အုပ်ထိန်းသူ၊ ဆရာ ဆရာမများ၊ ဘုန်းတော်ကြီးများ၊ တရားဟောဆရာများ၊ ကလေးစောင့်ရှောက်ရေး ဝန်ထမ်းများ စသဖြင့် မည်သူမဆို ကလေးဖြစ်သူနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတစ်စုံတစ်ရာ ရှိပါက လိင်ပိုင်းဆိုင်ရာစော်ကားမှု မြောက်၏။ ကလေးအား ခန္ဓာကိုယ်ဗလာကျင်းနှင့် ဓာတ်ပုံရိုက်ခြင်း၊ မသင့်လျော်စွာ ကိုင်တွယ်ခြင်း ဖက်ခြင်း၊ ညစ်ညမ်းစာပေ ရုပ်ပုံ ဗွိဒီယိုများကို ကလေးနှင့်အတူကြည့်ရှုခြင်း၊ ကလေးအချင်းချင်း လိင်ပိုင်းဆိုင်ရာ အပြုအမူများလုပ်ဆောင်စေပြီး ကြည့်ရှုခြင်း စသည့် အပြုအမူတို့သည်လည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုပင် ဖြစ်ပါသည်။ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း ဆိုသည်မှာ ကလေးများကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ ညစ်ညမ်းစာပေနှင့်ဗွီဒီယိုများတွင် အသုံးပြုခြင်း၊ လိင်ပြပွဲများတွင် ပါဝင်ခိုင်းခြင်း တို့ ပါဝင်သည်။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရသော ကလေးများသည် လိင်ပိုင်းဆိုင်ရာစော်ကားခံရသော ကလေးများနည်းတူ ခံစားရသည့် အပြင် အခြားသော အန္တရာယ်များကိုပါ တွေ့ကြုံခံစားရနိုင်ခြေ ရှိပါ၏။ ဆင်းရဲမွဲတေမှုနှင့် အာဏာပိုင်တို့၏ လာဘ်စားမှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှုနည်းသောနိုင်ငံရှိ ကလေးများသည် လိင်အမြတ်ထုတ်မှုကို ပိုမိုခံရနိုင်ခြေ ရှိပါသည်တဲ့။ အလွန်ကြောက်မက်ဖွယ်ကိစ္စကြီးဖြစ်ပြီး ကျား၊မ မရွေးတွေ့ကြုံရနိုင်သော အဖြစ်ဆိုးကြီးလည်း ဖြစ်သည်။ ကလေးများအပေါ် ကျူးလွန်ကြသူများကို ကြည့်လျှင်လည်း အလွန်အံ့ဩစရာကောင်းပါ၏။ ကျွန်တော်တို့ လုံးဝမထင်မှတ်ထားသူများသည် တရားခံများ ဖြစ်နေတတ်သည်။ လူအများက လေးစားကြသည် ဆိုသော ဘာသာရေးဆရာများသည် ယုတ်ညံ့လွန်းသော အမှုကို ပြုသူများဖြစ်နေတတ်ပြန်သည်။ ထိုအဖြစ်မျိုးကို လွင့်မျောပန်း စာအုပ်ထဲ၌လည်း တွေ့နိုင်သည်။ လောကသည် မာယာများ၏။ လူတို့၏စိတ်သည်လည်း လှည့်ဖြားခြင်း ကို ခုံမင်ကြ၏။ ကလေးဘဝအရွယ်သည် အရိုးသားဆုံးနှင့်လောကမာယာအကင်းဆုံးအချိန်။ ထိုအချိန်၌ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာစော်ကြားခြင်း ခံရသော ကလေးငယ်တို့အတွက် သူတို့၏ရှေ့ဆက်ရသော နေ့ရက်များသည် ခက်ခဲကြမ်းတမ်းလွန်းသည်မှာ အသေအချာပင်။ ထိခိုက်ခံရသော ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများသည်လည်း သေရာပါသည်အထိ။ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုများသည်လည်း ရှင်သန်ခါစ သစ်ပင်ကလေး၏ အညွန့်ကို ချိုးလိုက်သကဲ့သို့ ပြန်ထူမတ်ဖို့ အလွန်ခဲယဉ်းသွား။ လွင့်မျောပန်း စာအုပ်ကလေးကို ဖတ်ရင်း ဝမ်းနည်းမိပါသည်။ ကျွန်တော်တို့လူ့အဖွဲ့အစည်းသည် ကလေးများကိုပင် ကာကွယ်မပေးနိုင်တော့သော လူ့အဖွဲ့အစည်းပေလား။ အကြင်နာတရားနှင့် မေတ္တာထားစောင့်ရှောက်ခြင်းတို့ ပျက်သုဉ်းပျောက်ကွယ်သွားကြ ပြီလား။ လွင့်မျောပန်း ဇာတ်လမ်းထဲမှ ကလေးငယ်များသည် ကျွန်တော်တို့ကို အကြိမ်ပေါင်းများစွာ ဟစ်အော်၍ မေးခွန်းထုတ်နေပြန်သည်။ ခင်ဗျားဆီမှာရော အဖြေရှိနေပါသလား။ ကျွန်တော့်ဆီမှာရော အဖြေရှိနေနိုင်ပါသလား။
လွင့်မျောပန်း ဇာတ်လမ်းကလေး အခြေတည်ရာ နေရာဒေသ၏ ရှုခင်းများသည် လှပသည်။ စပျစ်ခင်းများ၊ ဂျုံခင်းများ၊ မြေလမ်းကလေး စသဖြင့် နယ်မြို့ကလေးတစ်မြို့၏ လှပမှုများနှင့် အပြည့်။ ဇာတ်လမ်းရေးသားသူ ကလည်း သရုပ်ဖော်မှုပိုင်နိုင်၊ သရုပ်ဖော်ရေးဆွဲသူကလည်း ပုံလေးတွေကို ဂရုတစိုက်ဆွဲပေးထား တာတွေကြောင့် မြင်ကွင်းများသည် ရှင်းလင်းပြတ်သားနေသည်။ သို့သော် ကျွန်တော့်အဖို့ ထိုအရာများကို မခံစားနိုင်အား။ မရေရာသော တွေးတောမှုများနှင့် မွန်းကျပ်ပိတ်လှောင်သွားခြင်းကို အရင်ခံစားရသည်။ အသက်ရှူဖို့ ကွက်လပ်မဲ့နေခြင်းမှ လွတ်မြောက်မှုတစ်ခုဆီ ဆက်တိုးကြည့်ကြဖို့ လိုကြောင်း တွေးမိသည်။ ယခုပြောခဲ့သမျှသည် လွင့်မျောပန်း စာအုပ်မှ ကျွန်တော်ဆက်စပ်တွေးတောမိသော ကိစ္စများဖြစ်၏။ သင်တို့အားလုံးကိုလည်း ဖတ်ကြည့်စေချင်ပါသည်။ ကလေးအခွင့်အရေးဆိုင်ရာကိစ္စရပ်များအပြင် အခြားသောအကြောင်းအရာများကိုပါ တစ်ခါဖတ်ပြီးတိုင်း အသစ်ထပ်ရနေပါလိမ့်မည်။
Credit: Third Story Project