Loading ...

ထူးထူး အိမ်ပြန်ချင်တယ်

Author အိဝါ
In Library 1 books
Book ID MM-RA 1003 TS
Category Myanmar: For Adolescence (Age 9+)
Genres Myanmar,
Remaining - (1) Book
Credit Point - 2 points

Description

ဆယ်ကျော်သက်များအတွက်
စာမျက်နှာ ၄၇ မျက်နှာ

"အိမ်ပြန်ချင်တဲ့ ကလေးတစ်ယောက်မှ ပြောပြနေတဲ့ ကလေးအခွင့်အရေး"

ကလေးအခွင့်အရေးဆိုတာကို အကျဉ်းချုံးပြီး ပိုင်းခြားလိုက်ရင် အပိုင်းလေးပိုင်းရှိပါတယ်။ ၁) ရှင်သန်ခွင့်၊ ၂)ဖွံ့ဖြိုးတိုးတက်ခွင့်၊ ၃)အကာအကွယ်ရပိုင်ခွင့် ၊ ၄)ပါဝင်ခွင့် ဆိုပြီးတော့ပါ။ ဒီအချက်တွေဟာ မိဘ၊ဆရာတွေနဲ့ လူအများစု သိပြီးသားဖြစ်ပြီး ခဏခဏလည်း ပြောဖြစ်ပါတယ်။ သိပြီးသား အကြောင်းအရာတစ်ရပ်ကို ဘာ့ကြောင့် ထပ်ခါထပ်ခါ ပြောနေတာလဲဆိုရင် အရေးကြီးလို့ပါ၊ အလုပ်မဖြစ်သေးလို့ပါ လို့ပဲ ပြောရပါလိမ့်မယ်။ ဒါ့ကြောင့်လည်း အိမ်ပြန်ချင်တဲ့ ကလေးတစ်ယောက် ပြောပြတဲ့ ဇာတ်လမ်းထဲကနေ ကလေးအခွင့်အရေးဆိုင်ရာ ကိစ္စလေးတွေကို တွေ့ရှိရသလောက် မျှဝေပေးချင်ပါတယ်။

အိမ်ပြန်ချင်တဲ့ ကလေးလေးနာမည်က ထူးထူးပါ။ သူ့အကြောင်းကို ထူးထူးအိမ်ပြန်ချင်တယ် ဆိုတဲ့ နာမည်နဲ့ သဒ်စတိုရီက စာအုပ်အဖြစ် ထုတ်ဝေထားပါတယ်။ ထူထူး ဟာ မြေပြန့်ဒေသက ကလေးမလေး။ အမေ ရယ်၊ သူ့မောင်လေးရယ် နဲ့ ရွာကလေးတစ်ရွာမှာ အတူတူနေကြတယ်။ သူ့အဖေဟာ အိမ်မှာ မရှိဘူး။ သူ့တို့ရွာလေးဟာ အခြေအနေအကြောင်းကြောင်းအရ လုံခြုံမှုရှိဘူး။ ဒါ့ကြောင့် သူ့ရဲ့အမေဟာ ထူးထူးကို လုံခြုံမှုရှိမယ်လို့ ယူဆရတဲ့ တစ်နေရာကို ပို့ဖို့ စီစဉ်တယ်။ ဆွေမျိုးနီးစပ်ရာရှိတဲ့ သီလရှင်ကျောင်းတစ်ခုဆီ ကိုပေါ့။ ဒီနေရာမှာတင် မြင်သာတဲ့ အချက်တစ်ခုကို ကျွန်တော်တို့ တွေ့ရှိနိုင်ပါတယ်။ ထူးထူး ဆိုတဲ့ ကလေးလေးဟာ သူ့ရဲ့ ရှင်သန်ခွင့် အတွက် အခက်အခဲဖြစ်နေပြီ၊ အကာအကွယ်ရပိုင်ခွင့်ကိုလည်း ဆုံးရှုံးနိုင်တဲ့ အခြေအနေမှာ ရှိနေပြီ ဆိုတာကိုပေါ့။ အသက်ရှင်နေထိုင်ဖို့နဲ့ လုံခြုံမှု မရှိတဲ့အခါ ဖွံ့ဖြိုးတိုးတက်ဖို့ ပညာသင်ကြားရတာ နဲ့ စာသင်ကျောင်းတွေကတစ်ဆင့် တခြားကလေးတွေနဲ့ အတူတူ ပါဝင်ခွင့်ရရှိနိုင်တာ တွေဟာ ထူးထူးအတွက် ခက်ခဲသွားပါတယ်။ ကလေးအခွင့်အရေးဆိုင်ရာ အချက်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြတာမျိုးပါ။ စာအုပ်ထဲမှာ ဇာတ်ကြောင်းပြောသူ ကိုယ်တိုင်က ထူးထူးဖြစ်နေတဲ့အတွက် သူ့ရဲ့ ပြောစကားတွေ၊ ကလေးအတွေးတွေကနေ သူ့ရဲ့ဆန္ဒတွေကို ပြောပြနေတာကိုလည်း ကြားသိရတယ်။ ထူးထူး ရဲ့ လေသံကိုလည်း မှန်းဆကြည့်လို့ရတယ်။ ထူးထူး ပြောနေတဲ့ ပြန့်ကျဲနေတဲ့ အကြောင်းအရာတွေဟာ စုစည်းဖို့ လွယ်ကူတာကြောင့် ထူးထူး ရဲ့ အခက်အခဲကျပ်တည်းမှုကို မြင်သာလာစေတယ်။ ဒါတွေဟာ ဘာ့ကြောင့်ဖြစ်နေတာလဲ၊ ဘယ်သူတွေမှာ အဓိက တာဝန်ရှိတာလဲ၊ ဘယ်လိုလုပ်ရင်တော့ ထူးထူးကို ကူညီပေးနိုင်မလဲ၊ ကလေးတွေအားလုံးအတွက် လူ့အဖွဲ့အစည်းဟာ ဘယ်အတိုင်းအတာထိ လုပ်ဆောင်ပေးရမှာလဲ၊ ပါဝင်ပေးရမှာလဲ စသဖြင့် မေးခွန်းပေါင်းများစွာကို စဉ်းစားမိလာတယ်။ ဒါ့ကြောင့် ဒီစာအုပ်ဟာ ထူးထူး ကတစ်ဆင့် ကလေးအခွင့်အရေးဆုံးရှုံးနေရတဲ့ ကလေးတွေအားလုံးကိုယ်စား ပြောပြပေးနေတယ်လို့ ကျွန်တော်တို့ တန်းပြီးသိနိုင်တဲ့ စာအုပ်ဖြစ်လာတယ်။ သိရုံနဲ့ မပြီးဘဲ ကလေးတွေ ကလေးအခွင့်အရေးရရှိဖို့ လူ့အဖွဲ့အစည်းဟာ အရင်ကရော၊အခုရောထက်ပိုပြီး ကြိုးစားအားထုတ်သင့်တယ်လို့ သတိပေးနေတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးမှာ ကိုယ်စီကိုယ်ငှ အခက်အခဲတွေ၊ မတတ်နိုင်တာတွေ ရှိသော်လည်းပဲ တတ်နိုင်တဲ့ အင်အားနဲ့ ကလေးအခွင့်အရေးကိစ္စတွေမှာ ပါဝင်ကြရမှာ မဟုတ်ပါလား။

ကမ္ဘာကြီးမှာ ဒုက္ခရောက်နေကြရတဲ့ ကလေးတွေ သန်းပေါင်းများစွာရှိပါတယ်။ လက်ရှိ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခြေအနေကြောင့်လည်း ကလေးငယ်ပေါင်းများစွာ ဒုက္ခရောက်နေကြတယ်။ အရင်တုန်းကလည်း မိဘတွေနဲ့ အတူမနေရတဲ့ ကလေးငယ်ပေါင်းများစွာဟာ ဘုန်းကြီးကျောင်းနဲ့သီလရှင်ကျောင်းတွေမှာ ကိုရင်ဝတ်၍ တစ်ဖုံ၊ သီလရှင်ဝတ်၍တစ်မျိုး နေထိုင်ကြရတာမျိုး ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နောက်ခံအကြောင်းအရာတွေမတူကြပေမယ့် မွေးရပ်ဒေသမှာ အစားအစာခက်ခဲလို့၊ ပညာမသင်ရလို့၊ မိဘတွေက ကျွေးမွေးနိုင်ဖို့ အလွန်ခက်ခဲနေလို့၊ နောက်ဆုံး မိဘတွေမရှိတော့လို့ စသဖြင့် ဒုက္ခရောက်တာချင်း တူကြတယ်။ ထူးထူးဟာလည်း အဲ့ဒီကလေးတွေနဲ့ တူညီတဲ့ဇာတ်ကြောင်းနဲ့ပေါ့။ ထူးထူး က သီလရှင် ဖြစ်သွားတဲ့အခါ သီလရှင်ငယ်လေးတွေ ဘယ်လိုနေထိုင်ရကြောင်း၊ ဘယ်လိုပြုမူလုပ်ဆောင်ရကြောင်း ပြောပြထားပါသေးတယ်။ ဒါ့ကြောင့် ထူးထူးအိမ်ပြန်ချင်တယ် စာအုပ်လေးကနေ ကလေး အခွင့်အရေးကိုသာမက သီလရှင်လေးတွေရဲ့ ဘဝအကြောင်း အနည်းငယ်ကို လေ့လာလို့ရနိုင်ပါတယ်။ တစ်ယောက်ရဲ့ဘဝကို တစ်ယောက်က ကိုယ်ချင်းစာနားလည်ပေးနိုင်ဖို့ဆိုတာ စာအုပ်လေးတွေကနေလည်း ရရှိနိုင်တာမျိုးပါ။ ထူးထူး စာအုပ်လေးဖတ်ပြီးတဲ့အခါ အိမ်ရှေ့မှာ သီလရှင် ကလေးတွေ ဆွမ်းဆန်လာရပ်ရင် ပစ်ထားမိတော့မှာ မဟုတ်ပါဘူး။ ကိုယ်က ဆွမ်းဆန်လောင်းဖို့ မတတ်နိုင်ရင်တောင် အကြာကြီးရပ်မနေရအောင် ကန်တော့ဆွမ်းကို လေးစားစွာ ပြောမိတော့မှာ ဖြစ်ပါတယ်။ နောက်ပြီး ကလေးငယ်တွေဟာ မိခင်ဘာသာစကားနဲ့ ပညာသင်ကြားခွင့်ရမှသာ သူတို့ရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်မယ် ဆိုတာလည်း ထူးထူးအိမ်ပြန်ချင်တယ် စာအုပ်လေးမှာ တွေ့ရှိရမှာပါ။ ဗမာစကားမတတ်တဲ့ ပလောင်သီလရှင်ကလေးကို ဗမာစကားနဲ့ပညာသင်ပေးရင် ကလေးအတွက်နစ်နာစရာ အကြောင်းသာရှိပါတယ်။ ဒါတွေက အကြောင်းတရား မျိုးစုံကြောင့် အတွင်းထဲထိလှိုက်စားခံနေရတဲ့ ကျွန်တော်တို့ခေတ်ကာလရဲ့ ဆေးမရှိသေးတဲ့ အနာလည်း ဖြစ်ပါတယ်။ ဆေးနည်းသိပြီး ဆေးမရှိခြင်း၊ ဆေးမဖော်ခြင်းမျိုးပေါ့။

အချုပ်ဆိုရရင် ထူးထူးအိမ်ပြန်ချင်တယ် စာအုပ်လေးထဲက ထူးထူးဟာ ကလေးမလေးတစ်ယောက်အဖြစ်တင် မဟုတ်ဘဲ သူ့လို အိမ်ပြန်ဖို့မဖြစ်နိုင်တဲ့၊ အိမ်ပြန်စရာမရှိသေးတဲ့ ကလေးလေးတွေ နဲ့ ကလေးအခွင့်အရေးဆုံးရှုံးနေရတဲ့ ကလေးတွေအားလုံးကို ကိုယ်စားပြုထားပါတယ်။ ထူးထူး ဟာ ဘာမှမတောင်းဆိုဘူး။ ဘယ်လိုလုပ်ပေးပါ လို့လည်း မပြောဘူး။ သူ့ပတ်ဝန်းကျင်နဲ့ သူတွေ့ကြုံဖြတ်သန်းနေရတဲ့ အချိန်ကာလအကြောင်းကို သူ့အတွေးလေးနဲ့ ပြောပြထားခြင်းသာ ဖြစ်ပါတယ်။ စကားတွေရဲ့ နောက်မှာ ကပ်ပါလာတဲ့ ခံစားမှုဟာ အားကောင်းလွန်းတာကြောင့် စာဖတ်သူဟာ ဖတ်ပြီးရုံနဲ့ စာအုပ်ကို ပစ်ထားလိုက်လို့ မရတော့ဘူး။ စာအုပ်ရဲ့နောက်ဆုံးမှာ ပါတဲ့ မေးခွန်းတွေကို ဆက်ဖြေကြည့်ဖို့၊ ဆင့်ပွားတွေးခေါ်ကြည့်ဖို့အထိ ဦးနှောက်ဟာ အလုပ်လုပ်သွားတယ်။ ကိုယ့်မှာကလေးလေးရှိနေရင် ငါ့ကလေးလေးဆိုရင်ရော ဆိုတဲ့ အတွေးမျိုး ကို ကိုယ်ချင်းစာမိစေတယ်။ ကိုယ့်မှာ တူ၊တူမ လေးတွေရှိနေရင် သူတို့သာ ထူးထူးလို ခက်ခဲနေရင် ငါဒီအတိုင်းကြည့်နေမလား ဆိုတဲ့ စာနာစိတ်ကို ဖြစ်စေတယ်။ ကိုယ့်ရဲ့အတ္တနဲ့ဘဝကို အခြေပြုစဉ်းစားမိရာကနေ တစ်ဆင့် ကလေးတွေအားလုံးကို ကျန်းမာပျော်ရွှင်စေချင်တယ်၊ လုံခြုံငြိမ်းချမ်းစေချင်တယ် ဆိုတဲ့ စိတ်မျိုးအထိ ရောက်ရှိလာပါတော့တယ်။ စာရေးသူရဲ့ အရေးအသားနဲ့ဇာတ်လမ်းကို သရုပ်ဖော်ဆရာရဲ့ ပုံလေးတွေနဲ့ ပေါင်းစပ်မှုကလည်း စာဖတ်သူကို စိတ်ဝင်စားမှု ပိုမြင့်တက်လာစေတဲ့ အကြောင်းတစ်ရပ်ပါပဲ။

ထူးထူးအိမ်ပြန်ချင်တယ် စာအုပ်လေးနဲ့ အဓိကသက်ဆိုင်တယ်လို့ ယူဆရတဲ့ နိုင်ငံတကာကလေးအခွင့်အရေး ဆိုင်ရာစာချုပ်ပါ အပိုဒ်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
အပိုဒ် (၃) ကလေးများအားကာကွယ်ပေးရန်တာဝန်နှင့် ကလေးများ၏အကောင်းဆုံးအကျိုးကို လေးစားရန်
အပိုဒ် (၁၈) မိဘများ၏တာဝန်ဝတ္တရားများ
အပိုဒ် (၂၈) ပညာသင်ကြားခွင့်
အပိုဒ် (၃၁) ကစားခွင့်

Credit: Third Story Project

arrow-up-circle Created with Sketch Beta.